ပုံမှန်အားဖြင့် ကားရပ်နားရန်နေရာများသည် ဗိသုကာလက်ရာအရ ဆန်းပြားမှုမရှိပါ — ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် လက်တွေ့အသုံးဝင်သော ရည်ရွယ်ချက်အနေဖြင့်ရှိပြီး လူများကို သူတို့၏ဦးတည်ရာသို့ ခေါ်ဆောင်သွားရန်အတွက် ကားများလိုအပ်သေးသည်။ သို့သော် ကားများနည်းပြီး ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးပုံစံများ ဖြစ်နိုင်ခြေရှိသော အနာဂတ်ကို မျှော်မှန်းကြည့်ပါက ကားပါကင်နေရာ လိုအပ်မှု လျော့နည်းသွားဖွယ်ရှိသည်။ ၎င်းက ကာဗွန်ထုတ်လွှတ်မှုနှင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချပေးနိုင်သည်။ ရပ်နားရန်အတွက်သာသုံးသော ယာဉ်ရပ်နားရာနေရာများသည် သက်ဆိုင်မှုမရှိတော့ဘဲ ဖြိုဖျက်ရနိုင်ဖွယ်ရှိသောကြောင့် စွန့်ပစ်ပစ္စည်း၊ ကာဗွန်နှင့် ကုန်ကျစရိတ်များ တိုးစေသည်။ ထို့ကြောင့် မောင်တိန်းဗျူးရှိ Google ၏ Alta Garage အသစ်သည် တစ်နေ့နေ့တွင် ကားရပ်နားရန်နေရာမဟုတ်တော့ဘဲ အချိန်မရွေး လုပ်ငန်းသုံး၊ လူနေထိုင်ရာ (သို့) ကွန်မြူနတီသုံး အဖြစ်သို့ ပြောင်းလဲရန်အတွက် အသင့်ရှိနေရန် ရည်ရွယ်ကာ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။
လူ့အဖွဲ့အစည်း၏ လိုအပ်ချက် ပြောင်းလဲလာသည်နှင့်အမျှ Alta Garage လည်း ပြောင်းလဲနိုင်သည့်အတွက် ဤစိတ်ကူးကို အနာဂတ်နှင့် လိုက်လျောညီထွေရှိသော ယာဉ်ရပ်နားရန်နေရာဟု ခေါ်သည်။ ရုံးခန်း၊ အိမ်ရာ၊ ဆိုင်ခန်းများ (သို့) ပွဲလမ်းနေရာ ပိုလိုအပ်ပါသလား။ Alta Garage က ယာဉ်ရပ်နားရန်နေရာ လိုအပ်ချက် နည်းလာသည်နှင့်အမျှ ထိုအရာများအဖြစ် ပြောင်းလဲနိုင်သည်။ ကုန်ကျစရိတ်သက်သာစေသော၊ အချိန်ကုန်သက်သာစေသော၊ စွန့်ပစ်ပစ္စည်း လျော့နည်းစေသော၊ ရေရှည်တည်တံ့မှု တိုးစေသော နည်းလမ်းဖြင့် လုပ်နိုင်သည်။